မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ယခုလက်ရှိရုံးထိုင်အသုံးပြုလျက်ရှိသော အဆောက်အဦမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၂၄၀'x ၂၄၀') RC (၃) ထပ် အဆောက်အဦဖြစ်ပြီး (၂၂-၁-၂၀၂၂) ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။ ၆၈ လမ်းနှင့် ၁၀၄ လမ်းဒေါင့် ချမ်းမြသာစည်မြို့နယ် အတွင်းတွင် တည်ရှိပါသည်။
ယခင်ရုံးထိုင်အသုံးပြုခဲ့သော အဆောက်အဦမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်ကာလမှ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရ မတိုင်မီကာလအထိ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၊ မန္တလေးတိုင်းတရားရုံးအဖြစ် ဖွင့်လှစ် ခဲ့သော အဆောက်အအုံ ဖြစ်ပါသည်။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်၊ အကွက်အမှတ် -၇၇၃၊၇၇၄ ၆၈လမ်းနှင့် ၇၀လမ်းကြား၊ လမ်း၃၀ စုပေါင်း ရုံးကြီးဝင်းအတွင်းတည်ရှိ၍ မြေကွက်အမှတ်- ၇၇၃ မှာ မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမည်ပေါက်ပြောင်းပေးသည့်မြေဖြစ်ပြီး မြေကွက်အမှတ်- ၇၇၄ မှာ မန္တလေး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမည်ပေါက်ပိုင်ဆိုင်သည့်မြေ ဖြစ်ပါသည်။ အဆိုပါ အဆောက်အဦကို ၁.၁၂.၁၉၃၉ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ပြီး အလျား ၁၆၂ပေ၊ အနံ ၄၆ပေ နှစ်ထပ်အုတ်တိုက် အုတ်ကြွပ်မိုး အဆောက်အဦ ဖြစ်ပါသည်။
အဆိုပါအဆောက်အဦ၏ အရှေ့မြောက်ထောင့်ရှိ ယခင်မော်တော်ယာဉ်တရားရုံး နှစ်ထပ်အဆောက်အဦအား (၂၀၁၀)ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ လွှဲပြောင်း ရရှိ၍ အဆိုပါ အဆောက်အဦမှာ အလျား ၁၀၆ပေ၊ အနံ ၆၂ပေရှိ နှစ်ထပ်အုတ်ညှပ်သွပ်မိုး အဆောက်အဦ ဖြစ်ပါသည်။ အဆိုပါ အဆောက်အဦတွင် တရားစီရင်ရေးဌာန၊ အစည်းအဝေးခန်းမ၊ တရားခွင် (၂)ခွင်၊ ထောက်ပံ့နှင့် ငွေစာရင်းဌာန၊ အထူးတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံးနှင့် မော်တော်ယာဉ်တရားရုံးတို့လည် ဖွင့်လှစ်ထားရှိပါသည်။