သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ မှုခင်းများနှင့်စပ်လျဉ်း၍ အသိပညာဆွေးနွေးပွဲ ကျင်းပ
Post Image

မန္တလေး အောက်တိုဘာ ၁၇

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာမှုခင်းများနှင့်စပ်လျဉ်း၍ အသိပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမ၌ Online / In person (Hybrid) စနစ်ဖြင့် ကျင်းပသည်။

မူပိုင်ခွင့်ဆိုင်ရာဥပဒေများ၊ မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာမှုခင်းများနှင့်စပ်လျဉ်း၍ အသိပညာဆွေးနွေးပွဲ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ် တော် တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်တင်သန်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲတွင် တောင်ကြီးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးစိုးခွန်ဖြူက New Features of TM Law ; Standing to sue & Jurisdictional Issues of IP Court ၊ မရမ်းကုန်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှုအပေါ် လေ့လာတင်ပြခြင်း၊ အောင်မြေသာစံခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်လွင်လွင်လှိုင်က မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ မှုခင်းများနှင့် တရားရုံး၏အခန်းကဏ္ဍ၊ ကျောက်ဆည်မြို့နယ်တရားရုံး၊ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်နှင်းလဲ့ရည်လွင်က တီထွင်မှု မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ရရှိနိုင်သည့် ဥပဒေဆိုင်ရာအခွင့်အရေးများ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ၊ စုစုပေါင်း ၁၀ ဦးတို့သည် Online ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီး များ၊ ခရိုင်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၄၉ ဦးနှင့် မန္တလေးရှေ့နေအသင်းမှ အသင်းဝင်ရှေ့နေများ ၅၅ ဦး စုစုပေါင်း ၁၀၄ ဦးတို့သည် In person ဖြင့် လည်းကောင်း တက်ရောက်ကြ ကြောင်း သိရသည်။