သတင်းများ

ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား နှင့် (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Post Image

မန္တလေး၊ ဇူလိုင် ၂၂

          ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တရားရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေသော တရားသူကြီးများ၊ တရားရေးအရာရှိများ နှင့် တရားရုံးဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၂-၇-၂၀၂၆ ရက်နေ့၊ နံနက် (၈း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (Multi Hall) တွင် Online/ In Person (Hybrid) စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အခမ်းအနား အစီအစဉ် ပထမပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် (၆) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၁၁၅) တွင် စစ်ရေးပြထူးချွန်ဆု ရရှိသူ (၁) ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊  အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၃၆) တွင် သင်တန်းသူစံပြဆုရရှိသူ (၁) ဦး နှင့် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) တွင် စံပြဆု ရရှိသူ (၁) ဦး တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး နှင့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး တို့က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

     ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

    အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်တင်သန်း က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကို လည်းကောင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများ နှင့် မြို့နယ်တရားသူကြီးများမှ အသီးသီးတင်ပြခဲ့ရာ  တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်း‌ဒေသကြီးတရားရေးဦးစီးမှူး၊ တရားလွှတ်တော်မှ တရားရေးအရာရှိများ၊   အထူးတရားရုံးများရှိ တရားသူကြီးများ၊ မဟာအောင်မြေခရိုင် နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ အမရပူရခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ ပြင်ဦးလွင်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ ကျောက်ဆည်ခရိုင် နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ တံတားဦးခရိုင်နှင့် တံတားဦးမြို့နယ်တရားရုံး၊ မိတ္ထီလာခရိုင်နှင့် မိတ္ထီလာမြို့နယ်တရားရုံး၊ သာစည်မြို့နယ်တရားရုံး၊ ဝမ်းတွင်းမြို့နယ်တရားရုံး၊ သပိတ်ကျင်းခရိုင်တရားရုံး၊ ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများ/ တရားရေးအရာရှိများ ( ၁၇၄) ဦး တို့သည် In Person ဖြင့်လည်းကောင်း၊ ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ  တရားသူကြီးများနှင့် တရားရေးအရာရှိ (၉၃) ဦးတို့သည် Virtual Online ဖြင့်လည်းကောင်း၊ စုစုပေါင်း (၂၆၇) ဦး  တက်ရောက်ခဲ့ကြပါသည်။