သတင်းများ

တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Post Image

မန္တလေး ဇွန် ၅

အစိုးရသစ်လက်ထက် ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ချက်အနေဖြင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာလုပ်ငန်း အစီအစဉ်(၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ ‘ တရားရုံးက ဦးဆောင်သောစေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲ ’ ကို ဇွန်လ ၅ ရက် နံနက် ၁၀နာရီက မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်၊ ဥပဒေပညာဌာန၊ Seminar-Room တွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်တင်သန်းနှင့် တရားရေးအရာရှိများ၊ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အေးအေးမြင့်နှင့် ဆရာမများ၊ ဥပဒေပညာအထူးပြု ကျောင်းသား/ကျောင်းသူ စုစုပေါင်း ( ၈၀ )ဦး တက်ရောက်ခဲ့ကြသည်။

          ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မုဒိတာက “  စေ့စပ်ဖြေရှင်းရေးစနစ်မိတ်ဆက်တင်ပြခြင်း ’’  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စေ့စပ်ဖြေရှင်းရေး ဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးရေးမှူး ဒေါ်စုနန္ဒာစိုးက “ တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေး ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် Website တွင် လွှင့်တင်ထားသော  ချစ်စကိုရှည်စေ ” ပညာပေးရုပ်သံဇာတ်လမ်းတို Video Clip  ပြသခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်တင်သန်းက “ စေ့စပ်ဖြေရှင်းရေးစနစ်နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြရာ တက်ရောက်လာကြသော ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီးနောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ ရတနာပုံတက္ကသိုလ် စာကြည့်တိုက်အတွက် ဥပဒေဗဟုသုတစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။