မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ငွေစာရင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈း၃၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး၊ တိုင်းစီမံကိန်းရေးဆွဲရေး ဦးစီးဌာနညွှန်ကြားရေးမှူး၊ သင်တန်းဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူ (၃၆) ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။ သင်တန်းကို ၂၁-၁၀-၂၀၂၃ ရက်နေ့နှင့် ၂၂-၁၀-၂၀၂၃ ရက်နေ့များတွင် နံနက် (၈း၃၀) မှ နေ့ (၁၆း၂၀) နာရီထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။