ရှေ့နေရှေ့ရပ်များအပါအဝင် အများပြည်သူသို့ မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ အသိအမြင်ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “မူပိုင်ခွင့်ဥပဒေရေးရာ အသိအမြင်ဆွေးနွေးပွဲ” ကို ၂၈-၄-၂၀၂၄ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးစောမျိုးမျိုးက “မူပိုင်ခွင့် ဆိုင်ရာဥပဒေများ အနှစ်ချုပ်မိတ်ဆက်” နှင့် “မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့် တရားစီရင်ရေး ဆိုင်ရာပြန်လည်သုံးသပ်မှု” ခေါင်းစဥ် များဖြင့်လည်းကောင်း၊ မဟာအောင်မြေခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးဝင်းမင်းထွန်းက “စာပေနှင့် အနုပညာမူပိုင်ခွင့်/ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် သဘောသဘာဝမိတ်ဆက်” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဇေယျာသီရိခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်က “စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ ဆိုင်ရာမှုခင်းများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဟာအောင်မြေခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးရဲလွင်က “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ဖြေဆိုခြင်း နှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ တံတားဦးခရိုင်နှင့် သပိတ်ကျင်းခရိုင်တရားရုံး တို့မှ တရားရေးအရာရှိ (၃၅) ဦး၊ မန္တလေးရှေ့နေအသင်းမှ အသင်းဝင်ရှေ့နေ (၅၄)ဦး၊ စုစုပေါင်း (၈၉) ဦး တက်ရောက်ခဲ့သည်။