ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး အား အမှူးထား၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးမိသားစုများ၏ “(၁၄) ကြိမ်မြောက် ကထိန်အလှူတော်အခမ်းအနား” ကို ၁၃၈၆ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၂) ရက် ၊ ၂-၁၁-၂၀၂၄ ရက်နေ့ (စနေနေ့) နံနက်(၉:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညိုစွာနာယူကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ပုဗ္ဗါရုံကျောင်းတိုက်မှ ဆရာတော်သံဃာတော်(၅)ပါး ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။