ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၁ခုနှစ်၊ မတ်လ ၁ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၌ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်မည့် “ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဥ်” မိတ်ဆက်အခမ်းအနားကို
ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက် (၁၀း၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသန်းထွန်းအောင်က မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန ဖွင့်လှစ်ထားရှိမှု အခြေအနေအား ဓါတ်ပုံ မှတ်တမ်းများနှင့်တကွ ရှင်းလင်းတင်ပြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဒက္ခိဏခရိုင်တရားရုံး စေ့စပ်ဖြေရှင်းရေးဌာနနှင့် တပ်ကုန်းမြိုနယ်တရားရုံး စေ့စပ်ဖြေရှင်းရေးဌာနတို့ကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တရားရုံးအသီးသီးမှ တရားမမှုများအား စေ့စပ် ဖြေရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ယခု တိုးချဲ့ဖွင့်လှစ်လိုက်သည့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေး ဌာနသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများ (ဒက္ခိဏခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းရှိ တရားရုံးများမှအပ ) မှ တရားမမှုများအား
စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ တရားရုံး အသီးသီးမှ တရားမမှုများအား တပ်ကုန်းမြို့နယ်တရားရုံး စေ့စပ်ဖြေရှင်းရေးဌာနတွင် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။