ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ “ တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲကို ဖေဖေါ်ဝါရီလ၊ (၂၅) ရက်နေ့ နံက်(၀၉း၀၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ် ၊ Seminar- room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ ဦးစီးအရာရှိ ဒေါ်စုသက်ငုံက “ Mediation System In the World ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဇင်မော်မှ “တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးစောမျိုးမျိုးမှ “ စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာသူ ရတနာပုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုး၊ ဥပဒေပညာဌာနမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြေဆိုခြင်း နှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ ရတနာပုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုး၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မျိုးသန့်နှင့် ဆရာမများ၊ ဥပဒေပညာ အထူးပြုကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၉၁) ဦး တက်ရောက်ခဲ့ကြပါသည်။